The Speech of General Saw Mutu Sae Poe at 4th Anniversary of Nationwide Ceasefire Agreement

  • Topics:

    The Speech of General Saw Mutu Sae Poe at 4th Anniversary of Nationwide Ceasefire Agreement

  • Location:

    MICC-2, Nay Pyi Taw, Nay Pyi Taw

  • Category:

    Others

  • Start Date:

    October 28, 2019 02:00 PM

  • End Date:

    October 28, 2019 04:00 PM

  • Share:

Description

ယနေ့ အောက်တိုဘာလ (၂၈) ရက်နေ့တွင် နေပြည်တော်၊ MICC (2) တွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စား ပြောကြားသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုး ၏ အမှာစကားကို ဖော်ပြအပ်ပါသည်။


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း

(၄) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင်

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုးသော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး

ပြောကြားသော အမှာစကား

 

 

လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်တကွ နှစ်ပါတ်လည်အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော် အကြီးအကဲ များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာ ခေါင်းဆောင်များ နှင့် ဧည့်သည်တော်ကြီးများ ခင်ဗျား-

 

ယခုလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် လက်မှတ်ရေးထိုး သော (၄) နှစ်မြောက် နှစ်ပတ် လည် အခမ်းအနားတွင် NCA လက်မှတ်ရေး ထိုးကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကိုယ်စား အမှာ စကားပြောကြားခွင့် ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တက်ရောက် လာကြသော ခေါင်းဆာင်ကြီးများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများဖြင့် ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျှက်  ဦးစွာ ပြောကြားလိုပါတယ်။

 

ဤအခမ်းအနားသို့ NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တို့မှ စုံစုံလင်လင် တက်ရောက်ကြမည်ဟု မျှော်လင့်ထားကြသော်လည်း အခြေအနေအကြောင်း အမျိုးမျိုး တို့ ကြောင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)အဖွဲ့မှ တက်ရောက် လာနိုင်ခြင်း မရှိသည့်အပေါ် လွန်စွာမှ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အ ဖွဲ့အစည်းကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာ (၄) နှစ်ပြည့် လွန်မြောက်လာခဲ့ ပြီးဖြစ်ပါတယ်။

 

သို့သော်လည်း အခုထက်ထိ တိုးတက်မှု များများစားစား မရရှိသေးတာက သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတ တရားတွေ အားကောင်း နေသေးတယ်လို့ မြင်မိတယ်၊ ကျနော် တို့တွေဟာ ဘာကို မယုံမကြည် ဖြစ်နေကြရတာလဲ? ဒါတွေကို ပြန်ဆန်းစစ်ရမှာဖြစ်ပြီး မှန်ကန်တဲ့၊ တရား မျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော် အကောင်အထည် ဖော် ဆောင်ကြရမှာ ဖြစ်ပါတယ်။

 

NCA စာချုပ် ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်ဟာ ပြည်ထောင်စုကြီးတွင် လွပ်လပ်ရေးရပြီးသည့် အချိန်မှစ၍ ယနေ့တိုင် ဖြစ်ပွားနေသော လက်နက် ကိုင် ပဋိပက္ခ အားလုံးကို ချုပ်ငြိမ်းစေနိုင်ရေး အတွက် ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာများကို စစ်ရေးဖြင့်မဟုတ်ဘဲ နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ကို တည်ဆောက်နိုင်ရေးဘဲ ဖြစ်ပါ တယ်။

 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး  အဖွဲ့အစည်း(၈)ဖွဲ့ဖြင့် ကနဦး ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့ တွင် မွန်ပြည် သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့မှ ဆက်လက်ပါဝင် လက်မှတ် ရေးထိုးခဲ့သည့်အ တွက် (၁၀)ဖွဲ့ ရှိခဲ့ပြီးဖြစ်ပါတယ်။

 

ထိုမှတဆင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ဆိုသည့်အတိုင်း တနိုင်ငံလုံး အ တိုင်းအတာဆောင်နိုင်သည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များတို့မှလည်း NCA ကို လက်မှတ်ထိုးနိုင်ရန် အစိုးရ မှသော် လည်းကောင်း၊ တပ်မတော် မှသော် လည်းကောင်း၊ NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များမှသော်လည်းကောင်း မိမိနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍမှ ကြိုးစားခဲ့ ကြ သော်လည်း ယနေ့ထိ ထပ်မံ လက်မှတ် မရေးထိုးနိုင်သေးပါ။

 

ဒီအခြေအနေအပေါ် ကျနော်တို့ အားလုံးမှ ပြန်လည် သုံးသပ်ကြပြီး  ကျန်ရှိနေသူများ NCA လက်မှတ်ရေးထိုး လာနိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်း ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ်။ သို့မှသာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်၏ အနှစ်သာရကို ပေါ်လွင်စေမှာ ဖြစ်ပြီး မိမိတို့အားလုံးမှ တည်ဆောက်ချင်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင် စု ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးဆွေး နွေးပွဲများကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်ခြင်းဖြင့် နိုင်ငံရေး ရလဒ်များကို ရရှိစေမှာ ဖြစ်ပါတယ်။

 

(၄) နှစ်ကာလအတွင်း NCA စာချုပ်၏ ဦးတည်ချက် နှင့် ရည်ရွယ်ချက်ကို ရောက်ရှိဖို့ ကျနော်တို့ ကြိုးစားခဲ့ ကြပေမဲ့ NCA ပါ စာသားများ အပေါ် တူညီသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို မရရှိသေးသည့် အတွက် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တို့တွင်လည်း မိမိတို့ နားလည်ထားကြသည့် အဓိပ္ပါယ်အရသာ အကောင်အထည်ဖော် နေကြသလို ဖြစ်နေပါတယ်။

ကျနော်တို့အားလုံး တစ်သားထဲ ကျတဲ့အမြင်နဲ့ သုံးသပ်ချက် မဟုတ်ရင် တောင် ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ ကျ နော်တို့ တည်ဆောက်ချင်သော လမ်းကြောင်းကနေ တိမ်းစောင်းသွားနေသည့် အခြေအနေသို့ တွန်းပို့လာ နေတယ် ဆိုတာကို ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအချို့က သုံးသပ် ထားကြတာတွေရှိသလို ပါဝင် ပါတ်သက်နေကြသည့် အစုအဖွဲ့တွေကြားမှာ မယုံကြည်မှုတွေ၊ စိုးရိမ် ကြောင့် ကြမှုတွေ၊ အစွန်းရောက်မှုတွေ၊ အသာစီး ရလိုမှု တွေ ရှိနေကြလို့ နိုင်ငံရေးဆွေးနွေးပွဲတွေကို မပြုလုပ် မကျင်းပနိုင်ခဲ့ကြဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်နေသလို ဖြစ်နေပါတယ်။

 

ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လျောက်လှမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အားလုံးဟာ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို ထားရှိကြပြီး လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။

 

အရေးကြီး သည့်အချက်ကတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်မှာ ပါဝင်ပါတ်သက်နေကြသည့် Stakeholder များအကြား ယုံကြည်မှု တည်ဆောက်ခြင်းဘဲ ဖြစ်ပါတယ်၊ ယုံကြည်မှုရရှိရေးအတွက် ထင်သာ မြင်သာ ရှိသည့် ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်ဟာလည်း မဖြစ်မနေ လုပ်ဆောင်သွားပေးဖို့ လို အပ်ပါတယ်။

 

တပြိုင်နက်တည်းမှာဘဲ ဖြစ်ပေါ်နေတဲ့ တစ်ဆို့မှုတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ အတွက် ပါဝင်ပါတ်သက်နေကြသည့် Stakeholder များအကြားမှာ ဘုံနားလည်မှု၊ ဘုံရည်မှန်းချက် တွေကို ရယူထားရှိခြင်းဖြင့် နည်းလမ်းများရှာဖွေ နိုင်ကြမှာဖြစ်ပြီး ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

ကျနော်တို့တွေအနေနဲ့ NCA အရ သဘောတူထားခဲ့ကြသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး တို့ကို ရှေ့ရှု၍ လွပ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှု၊ တန်းတူ ညီမျှမှု တို့ကို အခြေခံပြီး ပင်လုံစိတ် ဓါတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြန်ဌာန်းခွင့် အခွင့်အရေးများ အာမခံ ချက် များ အပြည့်အ၀ ရှိသော ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံ သည့် ပြည်ထောင်စု ကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက် သွားရန် ဆိုသည့် အတိုင်း ဦးလည်မသုန် လုပ်ဆောင် သွား ကြရမှာဖြစ်ပါတယ်။

 

နိဂုံးချုပ်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုး ကြတဲ့ ကျနော်တို့အားလုံးဟာ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံပြီး ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီး အောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲ အကောင် အထည်ဖော်ဆောင်သွားရန် အပြန်အလှန် သန္နိဌာန်ပြုကြပါစို့။

 

ပါဝင် သက်ဆိုင် နေကြသော Stakeholder များအကြား ယုံကြည်မှု ကို တည်ဆောက်ရင်း ကျနော်တို့အားလုံးမှ အပြန်အလှန် လေးစား အသိအမှတ်ပြု တန်ဘိုးထားမှု၊ ကိုအခြေခံပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို စုပေါင်း တည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်၊ အားလုံးကို ကျေးဇူး တင် ပါတယ်။

 

ရက်စွဲ။ ။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်၊

နေပြည်တော်။