General Mutu Saw Poe delivers the opening speech at UPC (3rd Session)

  • Topics:

    General Mutu Saw Poe delivers the opening speech at UPC (3rd Session)

  • Location:

    MICC-2, Nay Pyi Taw, Nay Pyi Taw

  • Category:

    UPC

  • Start Date:

    July 11, 2018 10:00 AM

  • End Date:

    July 11, 2018 04:00 PM

  • Share:

Description

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး (ကရင်အမျိုးသားအစည်းအရုံး-KNU)ပြောကြားသော အဖွင့်အမှာစကား
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ရက် - နေပြည်တော်

ပည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို တက်ရောက် လာကြတဲ့ နိုင်ငံတော် ခေါင်းဆောင်ကြီးများ၊ နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင် ကိုယ်စားလှယ်များ ၊ ကမ္ဘာ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့်တကွ နိုင်ငံအသီးသီးက သံတမန်တော်ကြီးများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ ကဏ္ဍ၊ အစုအဖွဲ့ အသီးသီးမှ ခေါင်းဆောင်ကိုယ်စားလှယ်တော်များ၊ တက်ရောက်လေ့လာသူများ၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီသူများ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ခေါင်းဆောင် ကိုယ်စားလှယ်များ ကိုယ်စား ဆန္ဒပြု မေတ္တာ ပို့အပ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ယခင် အစိုးရ လက်ထက်မှာ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ ညှိနှိုင်းရရှိပြီး ဦးစွာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့နှင့် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုရဲ့ အခြေခံအုတ်မြစ်ကို ချနိုင်ခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံတော်တာဝန် ယူပြီးနောက် အားလုံး ပါဝင်၍ အားလုံး ပိုင်ဆိုင်သော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို စတင်နိုင်ရန် ရည်ရွယ်ပြီး ဒုတိယအကြိမ် ညီလာခံကို ကျင်းပခဲ့တယ်။ အားလုံး လက်ခံနိုင်သော အခြေခံမူဝါဒ ဖော်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ မေလအတွင်းမှာ ကျင်းပနိုင်ခဲ့ပြီး အချက် ၃၇ ချက်ပါ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၁) ကို ချုပ်ဆိုနိုင်ခဲ့သည့်အတွက် NCA သဘောတူ စာချုပ်ပါ စာချုပ်ပါ အချက်များကို အကောင်အထည် ဖော်ဆောင်နိုင်သည့် သဘောတူညီမှု အဆင့်ဆင့်သို့ တက်လှမ်းရောက်ရှိ လာခဲ့ပါတယ်။ ယခုအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၂) ဖွဲ့ ထပ်မံ၍ NCA ကို လက်မှတ်ထိုးလာသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ ပါဝင်လာခဲ့သည်ကို တွေ့ရှိနေရပါတယ်။

ယခုလို အဖွဲ့အစည်းများ ပါဝင်လာနိုင်အောင် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား အကြိမ်ပေါင်းများစွာ တွေ့ဆုံ ညှိနှိုင်းမှု၊ စိတ်ရှည်သည်းခံမှု၊ အခက်အခဲ စိန်ခေါ်မှုများကို အတူတကွ ညှိနှိုင်းအဖြေရှာပြီး မိမိတို့အကြားမှာ နားလည်မှုများ ရယူ တည်ဆောက်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးအမြင် မတူညီမှု၊ အခွင့်အရေး ရရှိမှု မညီမျှမှု၊ ခံယူမှု မတူညီမှုအပေါ် အခြေခံပြီး နှစ်ရှည်လများ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အစုအဖွဲ့များကြား ခုလို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခြင်းဟာ တိုးတက်သော အနေအထားတစ်ခုသို့ ရောက်ရှိခဲ့သည်ဟု အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ဖို့ အတွက် ပိုမို၍ ဆောင်ရွက်ရန် လိုအပ်ပါတယ်။

ယနေ့ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အပေါ်မှာ အခြေခံသည့်အတွက် စာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် အလွန်မှ အရေးကြီးပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်၏ အန္တိမ ရည်မှန်းချက်သည် ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရး ရရှိရန် ဖြစ်သည်။ ထို ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တ့ံခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စံနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလာဒ်နှင့်အညီ တည်ဆောက်သွားရန် ဟူ၍ ဖြစ်သည်ဟု အတိအလင်း ဖော်ပြထားပြီး သဘောတူညီထားကြပါတယ်။

ကျနော်တို့၏ ပြည်ထောင်စုသည် ပင်လုံစာချုပ်အရ ကမ္ဘာ့အလယ်မှာ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟူ၍ ဖြစ်တည်လာသည်ကို သမိုင်းမှာ ထင်ရှားစွာ တည်ရှိခဲ့ပါသည်။ တနည်းအားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို တိုင်းရင်းသားများ၏ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် အတူတကွ ပူးပေါင်း တည်ထောင်ခဲ့ကြသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည်သာ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာကွယ် နိုင်မည် ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေးခြင်း၊ အတင်းအကျပ် တည်ဆောက်လို့မရပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တိုင်းရင်းသား လူမျိုးများကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု အခြေခံတရားများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်သည်။ ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများဖြင့် တည်ဆောက်ရမည် ဖြစ်သည်။ လက်တွေ့လုပ်ငန်းဖြင့်သာ တည်ဆောက်ရမည် ဖြစ်သည်။

ထို့အတူ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု အားဖြင့်သာ ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကို နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ နောက်ခံ သမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံ အသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်း ဖော်ဆောင်ရန် ဖြစ်သည်။ ထိုသို့ ဖော်ဆောင်ရာမှာလည်း ပင်လုံစိတ်ဓာတ်နဲ့ အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံချက် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလာဒ်များနှင့်အညီ တည်ဆောက်ရန် ဖြစ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီး ၂ နှစ်ကျော် ကာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၃ ကြိမ် ကျင်းပနိုင်ခဲ့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲကို တစ်ကြိမ်သာ ကျင်းပ နိုင်ခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးပြီးနောက် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြဌာန်းချက်အရ ၆ လ တစ်ကြိမ် မကျင်းပနိုင်ခဲ့ပါ။ နိုင်ငံရေးဆွေးနွေးပွဲ၏ အမြင့်ဆုံး အဆင့်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှ ရရှိလာသော နိုင်ငံရေးသဘောတူ စာချုပ်အဖြစ်ဖြင့် ချုပ်ဆိုခြင်းများကို ဆောင်ရွက်ရသည်။ သို့ရာတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြဌာန်းချက်နှင့်အညီ မကျင်းပနိုင်ခြင်း၊ ဆွေးနွေးရမည့် အကြောင်းအရာအပေါ် အမြင်မတူညီမှုများကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သတ်မှတ်သည့် ကာလအတိုင်း မကျင်းပနိုင်ခဲ့ပါ။

နိဂုံးချုပ်အနေဖြင့် ဒီကနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးကို တက်ရောက် လာကြတဲ့ နိုင်ငံခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ တပ်မတော်မှ ခေါင်းဆောင် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီ အသီးသီးမှ ခေါင်းဆောင် ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းအသီးသီး၊ အစုအဖွဲ့ အသီးသီးက ခေါင်းဆောင် ကိုယ်စားလှယ်များ၊ ကျနော်တို့ဟာ ဒီညီလာခံကို နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့၊ ကိုယ်စားပြုမှု အသီးသီးဖြင့် တက်ရောက်လာခြင်း ဖြစ်ပါသည်။ ကျနော်တို့ နိုင်ငံရဲ့ အနာဂါတ်အရေးအတွက် တက်ရောက် ဆွေးနွေးခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးမှု၊ ဆုံးဖြတ်မှုဟာ ကျနော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်မှ အရေးကြီးပါတယ်။ ကျနော်တို့မှာ တာဝန် အရှိဆုံးဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးဆုံးဖြတ်ချက် အားလုံးသည် ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကျနော်တို့ ပြည်ထောင်စု မပြိုကွဲရေးအတွက် ပြည်ထောင်စု အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ပိုမိုကောင်းမွန်စေမည့် ဆုံးဖြတ်ချက်များ ရရှိပါစေကြောင်း အလေးအနက် တိုက်တွန်းအပ်ပါတယ်။